ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, March 15, 2014

အဝေးနယ်ချဲ့ ၊ အနီးနယ်ချဲ့နဲ့ မျက်ရည်ကြားက ဟားတိုက်ရယ်ကြရမယ့်သူတွေ



   ဒီစာစု ရေးဖြစ်ဖို့ရာဟာ Facebook ပေါ်က ဗိုလ်မှူး Sai Thein Win ထံမှာ လတ်တလောဖြစ်နေတဲ့ ၊
ကရိုင်းမီးယား ကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖြစ်ရာက စခဲ့ပါတယ် ။ အဓိကအနေနဲ့ ကျူးကျော်မှု
လုပ်လာတဲ့ရုရှကို အလွန်မရှိဘူးလို့ ဆိုချင်သူတွေရဲ့ လှုံ့ဆော်မှုကြောင့်လို့ ဝန်ခံရပါလိမ့်မယ် ။
    Mahn Koko - ရုရှကျူးကျော်တာ မလွန်ဘူးလို့ ပြောသူတွေဟာ ၊ တစ်ခုခုတော့ လွဲနေပြီလို့
                      ကောက်ချက်ချမယ် ။
                      မသိလို့သော်၎င်း ၊ ကြီးနိုင်ငယ်ညှင်းစနစ် ကြိုက်လို့သော်၎င်း ၊ နိုင်ငံတကာ ကျင့်
                      ဝတ်တွေကို အလေးမထားလို့သော်၎င်း ၊ ဖြစ်နိုင်ခြေကတော့ အမျိုးမျိုးရှိတယ် ။

                           ပါကစ္စတန်ဟာ အိန္ဒိယနဲ့ တွဲလျက် ရှိခဲ့တာပါ ။ မြန်မာပြည်တောင် ပါခဲ့သေး ။
                          
    အရှေ့တီမောဟာ အင်ဒိုနီးရှားလက်အောက်မှာ ရှိခဲ့တာပါ ။
                          
    တောင်ဆူဒန်ဟာ မကြာခင်ကမှ လွတ်လပ်ရေး ရခဲ့တာပါ ။

                          အရင်က ပိုင်ခဲ့ဖူးတယ်ဆိုပြီး ၊ အချုပ်အချာပိုင် နိုင်ငံတစ်ခုရဲ့ နယ်မြေကို ဘယ်သူမှ ဝင်သိမ်း

                          လို့ မရပါ ။ (ချွင်းချက်အနေနဲ့ - ကိုယ်လည်း ခံနိုင်တယ် ဆိုရင်တော့ ၊ အပြစ်မဆိုပါ) ။

                          ယူကရိန်း ခွဲထွက်စဉ်က သက်သေစုံညီနဲ့ သဘောတူ လက်မှတ်ထိုးခဲ့တာပါ ။ ရုရှက သိ

                          က္ခာရှိဖို့လိုသလို ၊ နိုင်ငံတကာကလည်း အနည်းဆုံး နှုတ်အားဖြင့် ယူကရိန်းကို ထောက်
                          ခံရပါလိမ့်မယ် ။

                          ရုရှကို မျက်စိမှိတ်ထောက်ခံရင် - နိုင်ငံတကာ "စံ"တွေ ကျိုးပေါက်ပြီး ၊ အလားတူဖြစ်ရပ်

                          မျိုးတွေ မျှော်လင့်ထားရပါမယ် ။ ကြီးနိုင်ငယ်ညှင်း လုပ်တတ်သူတွေဟာ ၊ ကိုယ့်နဲ့တွေ့
                          မှ ပျော့ပျောင်းသွားလိမ့်မယ်လို့လည်း အိပ်မက် မမက်သင့်ပါ ။
                          March 3 at 2:11pm · 28
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

       ဆက်စပ် တွေးတောမိတာတွေဟာ ဒီမှာတင် ရပ်မသွားခဲ့တာမို့ ၊ အသစ်ထပ်ဝင်လာတာတွေကို စာနဲ့
    ချရေးဖြစ်တာကတော့ ၊ အောက်ကအတိုင်းပါ ။

    (၁) အဝေးက နယ်ချဲ့

       ကိစ္စတစ်ခုကို ထပ်ခါထပ်ခါ မှတ်ချက်ထပ်ရေးရတာ စိတ်ကြိုက်ဖြစ်တဲ့ ရွေးချယ်မှု မဟုတ်ပေမယ့် ၊ ရေး
    သင့်တယ်ယူဆလို့ ထပ်ရေးဖြည့်လိုက်တယ် ။

       ပထမ အချက်လက်တွေဖြစ်တဲ့ -
    ф  ခရိုင်းမီးယားမှာ ရုရှစကားပြောသူတွေ ၆၀% ဝန်းကျင် ရှိတာ ၊
    ф  ဌာနေလူများစုမှာ ရုရှနဲ့ ရင်းနှီးခိုင်မာတဲ့ ဆက်စပ်မှုတွေနဲ့ ယိမ်းယိုင်မှုတွေ ရှိတာ ၊
    ф  နယ်သားတွေရဲ့ ယူကရိန်းကနေ ခွဲထွက်လို့တဲ့ ဆန္ဒရှိသူတွေ အတော်များတာတွေ ၊ စတဲ့ လက်တွေ့
         ဘဝက အဖြစ်မှန်တွေကို လက်ခံရမှာပါ ။

       သို့သော် လက်ခံလို့မရတဲ့ အဓိက အချက်တွေအနေနဲ့ -

      အချုပ်အချာအာဏာ ၊ နယ်နိမိတ်နဲ့ သဘောတူညီချက်တွေကို ရုရှကနေ မလေးစားတာ ၊
       ခုလို ကျူးကျော်ဝင်ရောက်တာဟာ ချက်ချင်းလက်ငင်း မဟုတ်ပဲ ကာလရှည်ကြာ ကြိုတင်စီမံလာ
        ကြောင်း ၊ လုပ်ကိုင်မှုတွေဟာ စနစ်ကျပြီး လက်နက်အင်အား လူအင်အား လုံလုံလောက်လောက်
        သုံးထားကြောင်း ထင်ရှားနေတာ ၊
      ခရိုင်းမီးယားသားတွေ ယူကရိန်းကနေ ခွဲထွက်လိုတယ်ဆိုပေမယ့် ၊ ရုရှနဲ့ ပြန်ပေါင်းဖို့ မဟုတ်ပါပဲ ခု
         ကိစ္စမှာ တလွဲအကြောင်းပြ အသုံးချတာ ၊
      ဒေသခံအများစုကနေ ထောက်ခံသူမဟုတ်တဲ့ ရုရှရုပ်သေး နိုင်ငံရေးသမားတွေနဲ့ အစားထိုးတာ ၊
      ရုရှစစ်တပ် ကျူးကျော်ဝင်ရောက်နေတာကိုတောင် မဟုတ်ပါဘူးလို့ ဗြောင်လိမ်တာ ၊

      စစ်တပ်လွှတ်ဖို့ ၊ နယ်မြေသိမ်းသွင်းဖို့ တရားဝင်သယောင် အချိန်ကိုက်လုပ်ဆောင်တာ ၊ အုပ်ချုပ်ရေး
         အားနည်းနေချိန်မှာ စီစဉ်ထားတဲ့ လက်နက်ကိုင်တွေနဲ့ သူတစ်ပါးနယ်က ပါလီမန်ကို စိတ်ကြိုက်ချယ်
         လှယ်ပြီး အချိန်တိုအတွင်း ရုပ်သေးပါလီမန်က ကြေငြာချက်တွေထုတ်တာ ၊ အလျင်စလို လူထုခံယူပွဲ
         လုပ်ဖို့ကြိုးစားတာတွေ ၊
    သတင်းနဲ့ စာနယ်ဇင်းတွေ ၊ ဆန့်ကျင်သူတွေကို တားဆီးနှိပ်ကွပ်လာတာ ၊ အများအမြင်ရှင်းစေမယ့်
         ကုလသမဂ္ဂ ကိုယ်စားလှယ်အပါဝင် ပြင်ပကမ္ဘာကလူတွေကို မဝင်နိုင်အောင် တားဆီးတာ - စသည်
         ဖြင့် ရှည်လျားတဲ့ အချက်အလက်တွေက သူတို့ရဲ့ လုပ်ရပ်နဲ့ သဘောထားတွေကို လက်ခံလို့ မရနိုင်
         လောက်အောင် ရှိနေပါတယ် ။

    ǂ  ဒါပေမယ့် မြန်မာပြည်က အချို့လူတွေထဲမယ် “ခွဲထွက်တာ သို့မဟုတ် လွတ်လပ်ရေးရယူတာ” နဲ့
        “အခြားနိုင်ငံနဲ့ သွားပေါင်းတာ”နှစ်ခုကို လေလုံးမကွဲကြဘူးလို့ ထင်ရလောက်ပါတယ် ။
    ǂ  အချို့ကျပြန်တော့ ဟို ဒီမိုဆိုတဲ့ ကောင်တွေတော့ ရုရှကို ကန့်ကွက်နေပြီ ၊ ကလိအုံးမှလို့ စိတ်ထား
        ပုံရကြပါတယ် ။
    ǂ  အချို့ကတော့ ၊ အဖွဲ့စည်းကိုယ်၌က ရုရှနဲ့ ဆက်စပ်ပတ်သက်မှုလေးတွေ ရှိတော့လည်း ၊ အဖွဲ့စည်း
        အစွဲနဲ့ မျက်တောင်တစ်ဆုံးပဲ ကြည့်သူတွေလည်း ရှိတာသေချာပါတယ် ။

       စကားဆက်ရရင် -
       လက်တွေ့ အခြေနေအချို့လည်း ရှိပါသေးတယ် ။

    #  လက်ရှိ အမေရိကန်မှာ စစ်တိုက်ဖို့ထက် နိုင်ငံပြန်ထူထောင်ချင်နေတဲ့ အိုဘားမားလို သမ္မတ ရှိနေပါ
        တယ် ။
    #  ဥရောပကလည်း ဒုတိယကမ္ဘာစစ်ဆိုးကျိုးကို သိကြသူတွေပါ ။
        စစ်မတိုက်ချင်တဲ့အပြင် ၊ ရုရှဆီက လောင်စာတွေကို ဈေးပေါပေါနဲ့ အတန်သင့် မှီခိုနေရတာကလည်း
        တစ်ပိုင်းမို့ ၊ သံတမန်ရေးနဲ့ သွယ်ဝိုက်နစ်နာစေမယ့်နည်းတွေကို ရွေးကြရပါလိမ့်မယ် ။

    #  ရုရှဟာ စစ်ရေး အားကောင်းသလို ၊ ကျယ်ပြန့်တဲ့ နိုင်ငံထဲက သယံဇာတတွေကို ထုတ်ရောင်းရင်း ၊ ငွေ
        အသင့်တင့် လျှံနေတဲ့နိုင်ငံပါ ။
        သို့သော် “လူဦးရေ”အရတော့ ကျုံ့ဝင်နေတဲ့ နေဝင်အင်ပါယာ တစ်နိုင်ငံဖြစ်ပါတယ် ။
        သူတို့ရဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ထားတွေနဲ့ အရက်တို့ဟာ အဓိက တရားခံတွေထဲက အ
        ချို့ပါ။ ဒီ့အတွက်လည်း ရုရှစကားပြောနဲ့ ရုရှယိမ်းသူတွေကို ၊ ရသမျှ ပြန်ပြီး သိမ်းကျုံးစုကဲ့ယူနေတာလို့
        သုံးသပ်မှုတွေက ဆိုပါတယ်။
        ဒါတွေဟာ ဘါတွေ ဖြစ်လာနိုင်မလဲဆိုတာ ချိန်ဆကြည့်တဲ့အခါ ၊ ထည့်တွက်သင့်တဲ့ အချက်တချို့ပါ ။

       ကျနော် တင်ပြသွားတာတွေကို သဘောမတူသူတွေလည်း ရှိမှာပါ ။
       အချက်အလက်နဲ့ ထောက်ပြနိုင်ပါတယ် ။

       ဒီနေရာမှာ ၊ လက်ယာအစွန်းရောက်တွေ ယူကရိန်းမြို့တော်မှာ အာဏာရလာတာတို့ ၊ ကရိုင်းမီးယားမှာ
    ရုရှစကားပြောသူ အများစုဖြစ်တာတို့တွေဟာ ၊ ရုရှနဲ့သွားပေါင်းဖို့အတွက် လုံလောက်တဲ့ အကြောင်းပြ
    ချက်တွေ မဟုတ်ဘူးဆိုတာကိုတော့ ပြောပြထားချင်ပါတယ် ။

       ဒါတွေဟာ လူနည်းစုဆိုသော်လည်း သိပ်မနည်းတဲ့ အခြား ခရိုင်းမီးယားနယ်သားတွေကို လစ်လျူပြီး ၊
    အချုပ်ချာ အာဏာပိုင် တစ်နိုင်ငံကို အငြင်းပွားစရာကောင်းတဲ့ အကြောင်းပြချက်တွေနဲ့ ဝင်ရောက်စွက်
    ဖက်ဖို့ အားပေးရာကျပါတယ် ။

       အဆုံးသတ်ရရင် -

    ●   ကမ္ဘာ့သမိုင်းမှာ သူများနိုင်ငံနယ်မြေကို သိမ်းသွင်းတာမျိုးဟာ ဒီဖက်ခေတ်မှာ မဖြစ်တာကြာပါပြီ ။
          အထူးသဖြင့် ဥပဒေသမားတွေ နားလည်ပါတယ် ။ legal floodgate ဆိုတာမျိုးကို ဖွင့်လိုက်လို့ကို
          မရတာပါ ။ အစဉ်အလာတစ်ခု ဖြစ်သွားရင် ၊ နောက်ဟာတွေကို မှားတယ်လို့ ငြင်းဆိုလို့ မရတော့ပါ ။
          ရခိုင်က ဘင်္ဂလား ၊ ချင်းက အိန္ဒယ ၊ ကချင်နဲ့ ဝက တရုတ် ၊ ရှမ်း ကရင်နဲ့ ကယားတွေက ယိုးဒယား
          ဆီ သွားပေါင်းကြမယ်ဆိုရင် မြန်မာပြည်က ဘယ်နှစ်ယောက်လောက် လျှောလျှောရှူရှူ လက်ခံကြ
          မလဲလို့ မေးစရာရှိပါတယ် ။
          ဆင်ခြင်မှု ပြုနိုင်ကြအောင်ပါ ။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    (၂) အနီးဆုံးနယ်ချဲ့

       ကျနော်တို့အာရုံကို အရှေ့ဖက် ရွှေ့ကြည့်ရအောင် ။

    >>  မြန်မာပြည်ကို သမိုင်းကြောင်းအရ ကျူးကျော်ခဲ့တာရော ၊ လက်ရှိမှာ မဟာဗျူဟာ အနေထားအတွက်
          အသုံးချဖို့ရာ သြဇာခံ satellite state အဖြစ် စီးပွားရေး စစ်ရေးနဲ့ နိုင်ငံရေးတွေအရ ချုပ်ကိုင်ထားနိုင်ဖို့
          ရာပါ လိုအပ်နေတဲ့နိုင်ငံဟာ ဘယ်နိုင်ငံပါလဲ ။
    >>  ၁၉၄၉ ခုနှစ်မှာ တိဘက်ကို ကျူးကျော်သိမ်းပိုက်ပြီး ၊ တိဗက်ပြည်သူတွေကို မြေရှင်ပဒေသရာဇ် စနစ်
          ကနေ လွှတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့တယ်လို့ ဂုဏ်ယူအောင် ၊ (ငါတို့'တံပိုး'က သူတို့'တံပိုး'
          ထက် ပိုကောင်းတယ်လို့) သူ့နိုင်ငံသားတွေကို စိတ်ထဲရိုက်သွင်းထားတာ ဘယ်နိုင်ငံလဲ ။

    >>  လူဦးရေနည်းတဲ့ တိဗက်နဲ့ Xijiang နယ်တွေကို ၊ ပြည်မက အခြေချသူတွေနဲ့ ဝါးမျိုဖို့လုပ်နေတာ
          ဘယ်နိုင်ငံလဲ ။
    >>  အိမ်နီးချင်းနိုင်ငံမှာ (သေဆုံးပြီးလူတွေကို အစားထိုးတာမျိုးကအစ) ထောင်သောင်းမက နေရာယူ
           လာပြီး ၊ ဒေသခံအာဏာပိုင်တွေကလည်း မသိသလို မျက်နှာလွဲပေးထားတာ ဘယ်နိုင်ငံကလဲ ။

    >> ၂၀၁၃ အတွင်းမှာ တောင်တရုတ်ပင်လယ်ရဲ့ ၈၀% လောက်ကို ပိုင်ဆိုင်ပါတယ်လို့ အဆိုပြုသတ်မှတ်
          လာတာကြောင့် ၊ ဒေတစ်ခွင်လုံးနဲ့ အခြားအင်အားကြီး နိုင်ငံတွေကိုပါ တုန်ခါသွားစေတဲ့ နိုင်ငံကြီးဟာ
          ဘယ်နိုင်ငံလဲ ။
    >>  အဲဒီနိုင်ငံကနေ သူ့ရဲ့ ရေပိုင်နက် အငြင်းပွားနေရတာတွေကို ရှောင်ကွင်းပြီး ၊ အချိန်နဲ့ ငွေကစလို့ အစ
          စအရာရာ သက်သာစေပြီး မဟာဗျူဟာကျတဲ့ ၊ ဘင်္ဂလား ပင်လယ်အော်ထဲကို ကုန်းလမ်းကနေ ဖြတ်
          သန်းနိုင်တဲ့ တစ်နိုင်ငံတည်းသော အိမ်နီးခြင်းနိုင်ငံကိုကော သိပါသလား ။

       ဒီလောက်ဆို အချက်လက်တွေ အတန်သင့် ဖူလုံပြီလို့ ယူဆပါတယ် ။
       နားမလည်နိုင်သေးရင်တော့ ၊ ကျနော် ညံ့တာပါ ။ ကျနော့်အပြစ်ပါ ။

    ၁၁ ၊ ၀၃ ၊ ၂၀၁၄

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


    (၃) ဟားတိုက်ရမယ့် အိမ်တော်ပါ ကျွန်


    ဒီ တတိယပိုင်းကတော့ ၊ မြန်မာပြည်နဲ့ပတ်သက်ပြီး တွဲဆက်ပုံပမာတွေနဲ့ တင်ပြသွားမှာဖြစ်လို့ ၊ မျက်စိ
    အတော်စပ်နိုင်ပါတယ် ။ အမှန် အရှိတရားတွေအတွက် သည်းညည်းခံပြီး ၊ ဖတ်သွားနိုင်ကြမယ်လို့လည်း
    မျှော်လင့်ပါတယ် ။
     
    ပထမဆုံး ၊ ငယ်စဉ်ကတည်းက ဖတ်မိခဲ့တဲ့ ဆောင်းပါးလေးထဲက အချက်တစ်ခုကို ၊ ခုထိတိုင်အောင် သ
    တိရနေဆဲပါ ။ အခြားတော့ မဟုတ်ပါ ၊ အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်တွေဗုံးကြဲဖို့ရာ ၊ အဓိကသူ
    လျိုအနေနဲ့ “၃” ယောက်သာ လိုခဲ့တယ် ဆိုတာလေးပါ ။
     
    မြန်မာပြည်မှာကော ဘယ်လိုလဲ ။
    ကျနော်မြင်တာတော့ - အာဏာနဲ့ စစ်တပ်ကို လွမ်းမိုးချယ်လှယ်ထားတဲ့ ဗမာနဲ့ ပြည်မသူ ပြည်မသားတွေ
    က တစ်ဖက် ၊ သူတို့နဲ့ အစပ်ဟပ်မညီ ကတောက်ကဆဖြစ်နေသူ သန်းကဏန်းနဲ့ချီတဲ့ လူနည်းစုတွေက
    တစ်ဖက်ဆိုပြီး ရှိနေပါတယ် ။
     
    ဒါဆို ၊ တကယ်လို့များ ပြည်ပနိုင်ငံကြီး တစ်နိုင်ငံနဲ့သာ စစ်ရေး ထိပ်တိုက်ဖြစ်ကြပြီဆိုပါစို့ ။
    ဘယ်လိုအခြေနေမျိုး ကြုံလာမလဲဆိုတာ ရှင်းပြဖို့တောင် လို့ပါ့မလား ။
    မသိသေးသူ ၊ နားဝေးနေသေးသူတွေကိုတော့ - အင်္ဂလိပ်-မြန်မာစစ်ပွဲကို ပြန်ကြည့်ပါလို့ တည့်တည့်ပြော
    ရတော့မှာပါပဲ ။
     
    အဲဒီလို မဟန်တော့တဲ့ အခြေနေမျိုးကျမှ - ကိုယ့်ဖက်က အုပ်ချုပ်သူတွေရဲ့ ဆိုးရွားရက်စက်ခဲ့မှုတွေကို
    မေ့လျော့ပြီး ၊ သူတစ်ပါးကို “အသားထဲက လောက်ထွက်တယ်”လို့ ၊ “သီလကြောင် စကား”တွေ ဖေါဖေါ
    သီသီသုံးပြီး ကြိတ်မနိုင်ခဲမရ ဖြစ်ကြရတာမျိုးဟာ ၊ လက်တွေ့အမှန်တရားကို လက်သင့်မခံနိုင်တဲ့အမှား
    ရဲ့ အကျိုးဆက်သာပါ ။ သူတစ်ပါးကို အပြစ်တင်တာဟာ ၊ ကိုယ့်အမှားကို အတင်းဖုံးဖိပြီး ဒေါသတွေ ဝေ
    မျှဖို့အတွက် ဓါးစာခံရှာတာထက် မပိုပါ ။

    သို့သော် ဒါနဲ့တင်မပြီး ၊ ဆက်စပ်ပြဿနာတစ်ခုက ရှိနေပြန်ပါတယ် ။
    ခံစားချက် ကိုယ်စီရှိတဲ့ လူတွေမှာ ရုပ်ပိုင်း (အပြင်ပိုင်း) ဆိုင်ရာမှာ ဒဏ်ရာနဲ့ ထိခိုက်မှုတွေရှိတတ်သလို ၊
    မမြင်ရတဲ့ စိတ်ပိုင်း (အတွင်းပိုင်း) ဆိုင်ရာ ဒဏ်ရာတွေလည်း ရှိတတ်တာ သဘာဝပါ ။
    ရှာဖွေ အမြစ်ဖြုတ်လို့ မရနိုင်ကောင်းတဲ့ လောကသဘာဝကို အတင်းတွန်းလျစ်လျူပြီး ၊  ကိုယ့်နဲ့ ဆန့်ကျင်
    သူတွေအားလုံးကို ကျုပင်ငုတ် ကျူငုတ်မကျန် အမြစ်ပြတ် သတ်ဖြတ်နှိမ်နင်း ချေမှုန်းလို့ ရတယ်လို့ ယုံ
    ကြည်ထင်မြင် နေကြတာပါပဲ ။
     
    ကျနော်တို့တတွေ အချက်လက်တချို့ကို ချရေးကြည့်ရအောင် ။
    မြန်မာပြည်သာ အခြား အင်အားကြီးနိုင်ငံ တစ်နိုင်ငံနဲ့သာ ၊ တစ်ခုခုဖြစ်ပြီဆိုရင် -
     
    ǂ ‘ဝ’လို တပ်ကလွဲရင် ၊ ထောင်ကဏန်းလောက်ပဲရှိတဲ့ တိုင်းရင်းသားတပ်တွေဟာ ၊ ကြားခံ ရုပ်သေး
    ရုပ်အဆင့်လောက်ပဲ ရှိနေကြတော့မှာပါ ။
    ǂ နယ်စွန်နယ်ဖျားက ဗမာစစ်တပ်တွေအနေနဲ့ ပစ်မှတ်သေတွေ ဖြစ်လာပါလိမ့်မယ် ။
    ဒေသခံတွေကြားထဲလည်း ရောနှောကိုယ်ဖျောက်ဖို့လည်း မဖြစ်နိုင်ပါ ။
     
    ǂ မြို့ပေါ်မှာလည်း လူထုတစ်ရပ်လုံးက ထောက်ခံတာ မဟုတ်တဲ့ စစ်တပ်အတွက် ၊ လုံခြုံတဲ့ နားခိုစရာ
    နေရာရှိမရှိ သိပ်မသေချာပါ ။ ခုနေခါ ကောင်းလှပါတယ်ဆိုပြီး ကြွားနေကြတဲ့ လက်နက်တွေကကော
    တကယ်အသုံးဝင်နိုင်မလား ။ ကုန်းပိုင်းကျရှူံးသွားရင် ရေထဲက သင်္ဘောဆိုတာတွေကလည်း လှေတစ်
    စီးလောက်တောင် အသုံးဝင်ချင်မှ ဝင်တော့တာပါ ။
     
    စွမ်းအင် ဆီ လက်နက်နဲ့ လေ့ကျင့်မှုတွေ လစ်ဟာနေတဲ့ တိုက်လေယာဉ်တွေ ဆိုတာလည်း ၊ လက်လှမ်း
    မီရာမှာ ပုခုံးထမ်း တာတိုပစ်ဒုံးကျည်တွေ အရောက်ချထားရုံနဲ့တင် ပျားကိုမီးခိုးထိသလို တဖြုတ်ဖြုတ်
    ကျနိုင်တာမျိုးပါ ။
     
    ဒီကြားထဲ ရေဒါယာဉ်လိုဟာဆိုရင် လေးခွစာတောင် ခံနိုင်ရဲ့လား ။
    အမြောက်ပြောင်းတွေထဲ ၊ အလစ်မှာ ခဲလုံးတွေ ထည့်လိုက်မှာကိုကော ဘယ်လိုကာကွယ်မလဲ ။
    သိပ်ကောင်းတယ်ဆိုတဲ့ တင့်ကားတွေဆိုတာ ချိန်းကြိုးကြားထဲ သစ်သားချောင်း သံချောင်း ထိုးသွင်း
    လိုက်ရုံနဲ့ ၊ သုံးမရတဲ့ သံတုံးကြီးသာသာတွေ ဖြစ်သွားနိုင်တာမျိုးရော ထည့်တွက်စရာတွေ လိုနိုင်ပါ
    တယ် ။
     
    ǂ နောက်တစ်ခုက ၊ စစ်သား ၄ သိန်းနဲ့ စစ်လက်နက်တွေ တိုးတက်တပ်ဆင်ထားတယ်ဆိုတဲ့ ၊ နိုင်ငံခြား
    ရန် ကာကွယ်ဖို့ထက် ‘တစ်မြေထဲနေ တစ်ရေထဲသောက် ညီအစ်ကိုတွေ’ လို့ နာမည်တပ်ထားတဲ့ တိုင်း
    ရင်းသားတွေလောက်ကိုသာ တိုက်ခိုက်ဖိနှိပ်နေတဲ့ စစ်တပ်ဆိုတာကလည်း ၊ တိုက်ခိုက်ရေးတွေနဲ့ချည်း
    ဖွဲ့စည်းထားတာ မဟုတ်ပါ ။ လက်နက်မကိုင်တဲ့ အမျိုးမျိုးသော ထောက်ပံ့ရေးကဏ္ဍတွေ ပါရပါတယ် ။
    ဒါ့ပြင် တစ်နိုင်ငံလုံး အတိုင်းတာ ဖြန့်ကျဲချထားရတာကြောင့် ၊ အင်မတန် ပါးလျပါတယ် ။
     
    ဗီယက်နမ်စစ် ၊ ကိုရီးယားစစ်တွေကိုကြည့်ပါ ။
    အဲဒီနိုင်ငံသားတွေလို အင်အားသိန်းနဲ့ချီသုံးတဲ့ တရုတ်တပ်မျိုး ၊ ယန္တယားနဲ့ ခေတ်မီကရိယာတွေ ထောက်
    ပင့်ပေးထားတဲ့ အင်အားကြီးနိုင်ငံက တပ်တွေကို ၊ ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ စိတ်ဓါတ် အင်အားနဲ့ လက်
    နက်ပြည့်စုံတဲ့စစ်တပ်မျိုး မြန်မာပြည်မှာ မရှိပါဘူး ။ တပ်ပြေးတွေများလို့ အင်အားမပြည့်တာကလည်း ၊
    နူရာဝဲစွဲ လဲရာသူခိုးထောင်းပါ ။
     
    နောက်ပြီးတစ်ခါ လက်တွေ့ဘဝမှာ လူနည်းစုတွေကို ဖိနှိပ် သတ်ဖြတ် မောင်းထုတ်နေတာတွေအပြင်
    ဘာတွေရှိသေးလဲ ဆိုတဲ့ မေးခွန်းရှိတယ် ။
    အဓိကတစ်ခုအနေနဲ့ - လူပြောအင်မတန်နည်းနေတဲ့ ၊ တိုင်းရင်းသားလူမျိုးတွေနဲ့ ဒေသတွေကို လူနဲ့
    မြိုဖို့ လုပ်နေတဲ့ ကိစ္စ ပါပဲ ။
     
    ဒီမှာ ထပ်ဆင့်မေးခွန်းတစ်ခုက - လွတ်လပ်ရေးရပြီးနောက်ပိုင်း ၊ တိုင်းရင်းသားတွေရဲ့ ဒေသတွေကို ပြည်
    မ (သို့မဟုတ်) ဗမာတွေရဲ့ ရွေ့ပြောင်းအခြေချမှုတွေကို ၊ စာရင်းဇယားနဲ့ ကိန်းကဏန်း ကောက်ခံထားမှု
    တွေ ရှိခဲ့ပါသလား ။ ခြေရာခံမှုတွေ ရှိခဲ့ဖူးပါသလား ။ ဘယ်သူမှ ဖြေနိုင်မယ်လို့တော့ မမျှော်လင့်ပါ ။
     
    ဒါကို လူတိုင်း မမြင် မသိနိုင်ကြပါ ။ အထူးသဖြင့် ဗမာနဲ့ ပြည်မသားတွေ မမြင်ပါ ။
    မမြင်ဆို စိတ်မဝင်စားတာ ပါနိုင်သလို ၊ ထင်ထင်ရှားရှားကြီး သိသာနေတာမျိုးလည်း မဟုတ်ပဲကိုး ။ မူဝါဒ
    ချမှတ်သူတွေကနေ အသာလေးလမ်းကြောင်းပေးပြီး ၊ အခါအားလျော်စွာ တွန်းအားလေးတွေပေး ထောက်
    ပံ့မှုလေးတွေ လုပ်လိုက်ရုံပဲမို့ ၊ တစ်စုံတစ်ခုဖြစ်လာရင်တောင် သူတို့အနေနဲ့ မသိချင်ဟန်ဆောင် နေလိုက်
    ရုံသာ ။
     
    ဒါတွေ ဘယ်လိုလုပ် သိနိုင်သလဲ ။
    စစ်မှုထမ်းဟောင်းတွေ ၊ အမှုထမ်း အရာထမ်းဟောင်းတွေ ၊ အိမ်ခြေယာခြေ မဲ့သူတွေ ၊ ထောင်ထွက်နဲ့
    အချို့သော မောင်းထုတ်ခံရတဲ့ ဗမာအများစုပါတဲ့ (ဗမာစကာပြော ၊ ဗမာယဉ်ကျေးမှု လက်ခံကျင့်သုံးသူ)
    အစုအစုတွေဟာ ၊ တိုင်းရင်းသားနယ်တွေထဲမှာ ရွာတည်ပေးလို့သော်၎င်း ၊ အလုပ်အကိုင်အရနဲ့ စီမံ
    ကိန်းတွေအရသော်၎င်း တဖြည်းဖြည်း တိုးချဲ့လာခဲ့တာဟာ ၊ ဆယ်စုနှစ်တွေ အများကြီး ရှိခဲ့ပါပြီ ။ ခုဆို
    ရင် အရင်က ဗမာမရှိသလောက် ဖြစ်ခဲ့တဲ့နေရာ အချို့တွေမှာ ၊ ဗမာတွေ အများစုလိုတောင် ဖြစ်လာကြ
    ပါပြီ ။
     
    အချို့ကတော “ကိုယ့်နိုင်ငံထဲမှာ ကိုယ်ကြိုက်တဲ့နေရာကို သွားမယ် ၊ နေမယ် ၊ အခြေချမယ်”လို့ ဒေါသ
    တကြီး တုန့်ပြန်တတ်ကြတယ် ။ ဒါကို သာမန်ဖြစ်ရိုးဖြစ်စဉ်လို့ သဘောထားကြတယ် ။
    ဒါပေမယ့် မူလ အခြေချလာခဲ့သူတွေ နစ်နာ ထိခိုက်ရတာတွေကိုကျ မေ့မေ့လျော့လျော့ ထားတတ်ကြ
    တာ ၊ ဒေသရဲ့ လူနေရပ်ဝန်း စီးပွားရေး နိုင်ငံရေး လူမှုရေး သွင်ပြင်တွေကို အကြီးကျယ် ပြောင်းလဲစေပြီး
    ဒေသခံတွေကို အခွင့်မသာတဲ့ဖက် ဦးတည်စေတာတွေကို လျစ်လျူရှုတာတွေဟာ ၊ တကယ့်ကို ကြောင်
    သူတော် လုပ်ရပ်တွေပဲလို့ တည့်တည့်ပြောရပါလိမ့်မယ် ။
    နယ်ခံနဲ့ တိုင်းရင်းသားတွေဖက်ကကြည့်တော့ - ဗမာတွေ လူအင်အား ၊ ငွေအင်အား ၊ ဥာဏ်အားအပြင် ၊
    အာဏာနောက်ခံ အကာကွယ်တွေနဲ့ နယ်ချဲ့လာတယ်ဆိုတာ ထင်ထင်ရှားရှား မြင်ကြပါတယ် ။
     
    တစ်ဆက်ထဲ ၊ အဲဒီလို “ရှေ့တန်းခံတပ်”တွေလိုဖြစ်နေတဲ့ နေရာတွေမှာ ၊ ဒေသခံတွေကနေ တုန့်ပြန်မှု
    တွေကြောင့် ထိခိုက်မှုတွေ ရှိလာတဲ့အခါမျိုးမှာ ၊ နာကျည်းစိတ် ကလဲ့စားချေလိုစိတ် အနိုင်ယူလိုစိတ်တွေ
    ကို ထပ်ဆင့်မီးမွှေးပေးသလိုဖြစ်ပြီး ၊ မှားသူက ထပ်ထပ်မှား ၊ ဧည့်သည်က အိမ်ရှင်တွေကို ကုလားအုပ်
    လို တဖြည်းဖြည်း တွန်းထုတ် မောင်းနှင်ပစ်ကြတဲ့ ၊ ဖြစ်စဉ်တစ်ခု ဖြစ်လာပါတော့တယ် ။
    အချိန်ကြာလာတာနဲ့အမျှ ဒီလူတွေကို “မင်းတို့လာရာလမ်းအတိုင်း လှည့်ပြန်သွားကြ”လို့ မောင်းထုတ်ဖို့
    လည်း မဖြစ်နိုင်တော့ပြန်ပါဘူး ။
     
    သွားရောက် အခြေချသူတွေ ထိခိုက်နစ်နာတာတွေဟာ ၊ မူဝါဒချမှတ်သူတွေအတွက်တော့ ဘာမှမဖြစ်ပါ ။
    ရေရှည်မှာ အခြေခိုင်စေဖို့ ၊ အချို့ကို ထိုးကျွေးရတယ်လောက်ပဲ သဘောထားကြတာပါ ။
    ထိုးကျွေးခံရသူတွေကလည်း သူတို့နစ်နာမှုကိုသာ အာရုံစိုက်ကြပြီး ၊ ရထားတဲ့ အခွင့်ရေးနဲ့ အကျိုးစီးပွား
    တွေကို အသက်ပေးကာကွယ်သွားကြရင်း ၊ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်ဘဝမှာ မျောပါသွားကြရတာ
    ပါပဲ ။
     
    ဒါကြောင့်လည်း ရိုဟင်ဂျာကိစ္စမျိုးမှာ ကိုယ်ဖေါ်မြူလာနဲ့ ပြန်ခံရမှာစိုးလေတော့ ၊ မီးမွှေးပြီး ရခိုင်တိုင်းရင်း
    သားတွေနဲ့ အခြား ယောင်ဝါးဝါးသမားတွေနဲ့ တေ့ပေးလိုက်တာပေါ့ ။ ဒီလောက်များတဲ့ ရိုဟင်ဂျာတွေကို
    တန်းတူ အခွင့်အရေးတွေသာ ပေးလိုက်လို့ကတော့ ၊ အပွဲပွဲနွဲလာသမျှ သဲရေကျပြီး သံသရာ တစ်ပတ်
    လည်သွားနိုင်တာကိုး ။ ဒါက မူဝါဒသမားတွေကို အဓိကဆိုလိုပါတယ် ။ နကိုကတည်းက မမြင်တတ်ကြ
    တဲ့ သူသူငါငါတွေက ၊ ဒီကိစ္စကို လာငြင်းရင်တော့ ပြုံးပြီး ကြည့်နေရုံသာ ။
     
    ဒီတော့ မြန်မာပြည်လို လူဦးရေ အတန်သင့်နည်း ၊ စီးပွားရေး နောက်ကျကျန်ရစ်ပြီး ၊ ပညာရေး အများ
    ကြီး ထပ်ဖြည့်ရဦးမယ့် နိုင်ငံမျိုးမှာ ဖြေဆေးအနေနဲ့ လုပ်လို့ရတာအချို့က -
     
    မညီမျှမှုတွှေအပါဝင် အားနည်းချက်တွေပြင်မယ် ၊
    လူတိုင်း ဒီနိုင်ငံသားအနေနဲ့ ခံယူချင်ပြီး ၊ တစ်ဦးကိုတစ်ဦး ချစ်ခင်စောင့်ရှောက် ယိုင်းပင်းကာကွယ်ချင်
    တဲ့စိတ်တွေ မွေးမြူလာအောင် ပျိုးထောင်ပေးမယ် ၊
    အားလုံးအကျိုးရှိမယ့် စီးပွား နိုင်ငံရေး လူမှုရေးပြေလည်ပြီး မြင့်မားတဲ့စိတ်ထားခံယူချက်နဲ့ လူမှုအသိုင်း
    ဝိုင်းတစ်ခု တည်ဆောက်မယ် ၊ စသည်ဖြင့် စုစုပေါင်းပေါင်း လုပ်ကြမယ်ဆိုရင် ၊ အရေးကြုံမှ သစ္စာဖေါက်
    လို့ နာနာကျည်းကျည်း လက်ညှိုးငေါက်ငေါက်ထိုးနေရမယ့် သီလကြောင်တွေအဖြစ်က ရှောင်လွှဲနိုင်ပါ
    လိမ့်မယ် ။ ဒါက ကျနော့်အမြင်ပါ ၊ အတင်း လက်ခံခိုင်းနေတာတော့ မဟုတ်ပါဘူး ။
     
    တကယ်တွေးကြည့်ရင် တိုင်းရင်းသားနဲ့ လူနည်းစုတွေဆိုတာဟာ ၊ ဒီနိုင်ငံကို ထောက်ခံထားပေးတဲ့
    ဒေါက်တိုင်တွေလိုပါပဲ ။ စစ်ဝတ်စုံ ချွတ်ထားသူတွေကနေ “ခေါင်”ကနေ ချုပ်ကိုင်ထားတဲ့အစိုးရကို
    တိုင်းရင်းသားနဲ့ လူနည်းစု အစုဝင်တွေက ယုံသလား ၊ အားကိုးသလားလို့ မေးရင် ။ အဖြေကတော့
    ရှင်းပါတယ် ။ သိပြီးသားကို ထပ်ပြောနေစရာ မလိုလောက်ဘူးလို့ ယူဆပါတယ် ။
     
    ဒီတော့ တိုင်းရင်းသားနဲ့ လူနည်းစုတွေဟာ ရှုပ်တယ် ၊ အသုံးမဝင်ဘူး ၊ အနှောင့်ယှက်ဖြစ်တယ် ၊ လိုချင်
    တာယူပြီး မလိုချင်တာတွေပဲ ဝေပေးမယ်ဆိုတဲ့ ၊ ကိုယ့်အကိုင်းကိုယ်ခုတ် ကိုယ့်ရေသောက်မြစ် ကိုယ်တူး
    တဲ့ လုပ်ရပ်မျိုးတွေကို ဗမာနဲ့ ပြည်မသားတွေ ဆက်လုပ်မယ်ဆိုရင်တော့ ၊ အားလုံး အတူမှီတင်းနေထိုင်
    တဲ့ ဒီနိုင်ငံအတွက် အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး ။

    ဒီမိုးဒီလေနဲ့တော့ အိမ်တော်ပါကျွန်တွေလို ဖြစ်နေကြတဲ့ တိုင်းရင်းသားတွေမှာ ၊
    ထိုင်နေရင်း နောက်ထပ်တစ်ဆင့် ကျွန်လက်လွဲပြောင်းပွဲလိုသာ ထပ်ဖြစ်ခဲ့မယ်
    ဆိုရင်လည်း ၊ ပျော်စရာမဟုတ်ပေမယ့် မျက်ရည်ကြားက ဟားတိုက်ရယ်ကြရ
    မယ့် ဘဝတွေပါ ။

    ဒါတွေကို ပွင့်ပွင့်လင်းလင်း ပြောတာကြောင့် ၊ အချို့လည်း ကျနော့်ကို ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်
    ကနေ ကြည့်ပြီးပြောတာလို့ ၊ တစ်ထစ်ချ ယူဆနိုင်ပါတယ် ။
    အမှန်အတိုင်း ဝန်ခံရရင် ၊ ကျနော်ဟာ လူနည်းစုဝင် ကရင်အမျိုးသားတစ်ဦးဖြစ်တာကြောင့် ၊ ကိုယ့်အ
    နေထားနဲ့ အရှိန်မပျက် သွားနေကြတဲ့ ကိုယ်ပိုင်လမ်းကြောင်းတွေကို သတိမထားမိကြတဲ့ ဗမာလူမျိုး
    တွေထက် ပိုပိုသာသာ မြင်မိတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။
     
    သို့သော် တိုက်ခိုက်အပုတ်ချဖို့မဟုတ်ပဲ -
     
    ရေစီးကြောင်းအတိုင်း မျောပါနေမိလို့ မျက်စေ့လျှမ်းနေသူတွေကို အသိပေးဖို့သော်၎င်း ၊
    သိလျက်နဲ့ အသာမှိန်းနေသူတွေကို တိုင်းရင်းသားတွေလည်း မသိပဲ မနေကြောင်း အသိပေးဖို့သော်၎င်း ၊
    သင့်တင့်တဲ့ အဖြေတွေရှာပြီး ပြင်ဆင်ညှိနှိုင်းလိုသူတွေ ရှိနေရင်လည်း ၊ မြင်နိုင် သိနိုင် ရွေးချယ်မှုတွေ
    လုပ်နိုင်အောင်သော်၎င်း ၊ ပြောသင့်တယ်ထင်လို့ ချရေးထားတာကတော့ အမှန်ပါ ။
     
    အမြင်ညီ ၊ အသွင်ညီပြီး ၊ အကျိုးညီတဲ့ အနေထားနဲ့ အသိုင်းဝိုင်းလေးတစ်ခုကို တည်ဆောက်ကြပါစို့လို့
    အဆုံးသတ်ပြောရင်း ၊ သတိလေးတွေ ကိုယ်စီကိုဌရှိကြဖို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ ။

    ၁၅ ၊ ၀၃ ၊ ၂၀၁၄

    No comments:

    Post a Comment