ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, February 15, 2014

မီးပူတိုက်ပါရစေ



   မီးပူတိုက်ပါရစေဆိုလို့ မီးလောင်တိုက်သွင်းမယ်လို့တော့ အယူမမှားစေလို ။
   အဝတ်အစားဆန့်ပြန့်ရလေအာင် မီးပူတိုက်ခြင်းမျိုးကိုပဲ ညွန်းရည်ပါတယ် ။
   သဘောလည်းမမျှ အရေးကြီးတယ်လည်း မထင်ရပါရင်ဖြင့် ၊ ကျနော့်ရဲ့ ယွင်းလိုချက်မို့ ၊ နောက်များ
နောင်ခါမှပဲ ဖြည့်ပြန်ဆည်းပိုးပေးပါ့မယ် ။ ခုများခါတော့ စရိယာဒုက္ခာလေးများ ၂ မိနစ်လောက် ပါရမီ
ဖြည့်တင်းပေးကြပါကုန် ။

- ဆင်ကို ကြာရိုးနဲ့ ထိုးကြည့်မယ်

 မကြာမတင်က ဖတ်မိတဲ့ အမေးဖြေခန်းလေးတစ်ခုမှာ အရေးကြီးပြီး ထောက်ပြပြောဆိုဖို့ လိုနိုင်တယ်
ထင်မိတာလေးတစ်ခုကို အောက်ကအတိုင်း ချရေးထားပါတယ်ဗျာ ။
..................................................


    ဆရာဦးကျော်ဝင်း ခင်ဗျား ၊

    ဆရာရေးတာတွေ ပြောတာတွေထဲက အချို့ကို ဖတ်ဖူးနားထောင်ဖူးပါတယ် ။ မြန်မာပြည်မှာ နိုင်ငံရေး
ဆိုင်ရာ ကိစ္စရပ်တွေမှာ ပညာရှင်တွေရဲ့ တင်ပြထားချက်တွေကိုနောက်ခံထားပြီး ပြောဆိုဆွေးနွေးမှုတွေ
နည်းပါးနေသေးတာကြောင့် ၊ ဆရာ့လို ပြောဆိုတင်ပြမှုတွေကို ကြိုဆိုရမှာ အမှန်ပါ ။ တစ်လက်စထဲ ဆ
ရာ့အနေနဲ့လည်း အရာရာမှာ တာဝန်ယူမှုရှိတဲ့ ရပ်တည်ချက်မျိုးရှိပြီး လက်လွှတ်စပယ် ပြောဆိုရေးသား
တာတွေကို ရှောင်ရှားလိမ့်မယ်လို့ ယုံကြည်ပါတယ် ။
    မကြာမတင်က “မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ ဆိုတဲ့ အမေးအဖြေ ခေါင်းစဉ်အောက်မှာ -
“ဗကပ မရှိတော့တဲ့နောက် လူမျိုးစု လက်နက်ကိုင် အားလုံးပေါင်းရင် တစ်သိန်းကျော်တယ်။ လို့
ပြောသွားတာ သတိထားမိပါတယ် ။

   ကျနော်နားလည်မိသလောက် အင်အား ၂ သောင်းဝန်းကျင် (အရေးပေါ် အရံအင်အား ၁ သောင်း
ဝန်းကျင်) ရှိတဲ့ ‘ဝတပ်ကလွဲရင် KIA, SSA, KNU စသည်ဖြင့် ဒုတိယတန်း အင်အားအကြီးဆုံးလို့ နာ
မည်တပ်လို့ရတဲ့ အဖွဲ့တွေထဲမှာ အင်အား ၁ သောင်းပြည့်တဲ့အဖွဲ့ တစ်ဖွဲ့မှ မရှိပါဘူး ။ ကျန်တဲ့အဖွဲ့
တွေထဲမှာလည်း အင်အား ၁,၀၀၀ မပြည့်တဲ့အဖွဲ့တွေက အတော်များပါတယ် ။ ဒီတော့ ခြုံငုံကြည့်
လိုက်ရင် တစ်နိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်အင်အား စုစုပေါင်းဟာ ၊ ကြည့်တဲ့ဖက်မူတည်
ပြီး ၅ သောင်းမှတ်ရဲ့ အောက်နဲ့ အပေါ်ဖက်မှာ ရှိနေနိုင်ပါတယ် ။ ဒါတောင် ‘ဝတပ်ဖွဲ့က အဓိကအရေ
အတွက်ကို နေရာယူထားတာပါ ။

    ဒါကြောင့် ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ဆရာ့ဆီက တိကျတဲ့အချက်အလက်လေးတွေနဲ့ ရယူတဲ့ သတင်း
အရင်းအမြစ်ကို အသိပေးတင်ပြနိုင်မယ်ဆိုရင် ၊ လူအများအတွက် ကိုယ့်နိုင်ငံနဲ့ပတ်သက်တဲ့ တွေးဆ
ဆုံးဖြတ်ချက်တွေမှာ အထောက်အကူတစ်ခု ပြုနိုင်လိမ့်မယ်လို့ ပြောချင်ပါတယ် ။ အရေးပါတဲ့ အချက်
လက်တွေထဲက တစ်ခုဖြစ်တယ်လို့လည်း ယူဆပါတယ် ။

    ဆရာပြောသလိုသာ တိုင်းရင်းသားလက်နက်ကိုင် ၁ သိန်းကျော် ရှိတယ်ဆိုတာမှန်ရင် ၊ ဆရာအပါ
ဝင် လူအချို့တွေရဲ့ စိတ်ပူတယ်ဆိုတဲ့ ပြည်ထောင်စုပြိုကွဲနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတဲ့ ထင်မြင်ချက်
ဟာ လက်ခံနိုင်စရာ အဆိုတစ်ခုဖြစ်တာကြောင့် တိတိကျကျ ဖြစ်စေချင်တာပါ ။ အမှန်တကယ် အဲဒီ
အရေအတွက် ရှိနေမယ်ဆိုရင် (ဝလို ချွင်းချက်မျိုးကလွဲရင်) ကျနော်ကိုယ်တိုင်လည်း နိုင်ငံပြိုကွဲနိုင်
တယ်ဆိုတာကို လက်ခံစဉ်းစားရမှာ ဖြစ်ပါတယ် ။ အခြားသူတွေမှာလည်း အလားတူပဲလို့ ယူဆမိပါ
တယ် ။

    အခြားတစ်ဖက်မှာလည်း မရေရာ အခြေမြစ်မရှိတဲ့ သတင်းအရင်းအမြစ်နဲ့ အချက်အလက်တွေအ
ပေါ် အခြေတည်ပြီး ပြောခဲ့မိတာမျိုးဆိုပြန်ရင်လည်း ၊ ဆရာ့အနေနဲ့ ဂုဏ်သိက္ခာနဲ့ ရပ်တည်မှုတွေ အ
ခြေခံကနေပြီး ယိုင်နဲ့သွားစေနိုင်တာကြောင့် ၊ ဆရာ့အနေနဲ့ အလွယ်တကူဖြေဆို ဖြေရှင်းလို့ရတဲ့ ကျ
နော့်ရဲ့ မေတ္တာရပ်ခံချက်ကို မငြင်းဘူးလို့ မျှော်လင့်ပါတယ် ။ (Facebook - December 7 at 4:52pm)
..............................................................................................


(ဒါကတော့ မြန်မာပြည်အရေး ဝေဖန်ဆွေးနွေးပေးနေတဲ့ စာရေးဆရာကြီး ဦးကျော်ဝင်းကို သူ့ Facebook
ရဲ့ fan page မှာမေးဖြစ်တဲ့ မေးခွန်းလေးတစ်ခုပါ ။ မသင့်မတော် လွဲချော်နေတယ်ယူဆမိလို့ မေးလိုက်ရ
ခြင်းပါ ။ ဒီလာမယ့် ရက်ပိုင်းအတွင်း ပြန်ဖြေပေးဖို့ မျှော်လင့်ထားပါတယ် ။ အကယ်၍ ပြန်ဖြေမလာခဲ့ရင်
တော့ ၊ မှတ်ချက်တချို့ထပ်ရေးဖြည့်ပြီး အဆုံးသတ်ဖို့ ရည်ရွယ်ပါတယ် ။ ကျနော် လွဲချော်နေတယ်ယူဆ
ရင် တည့်မတ်ပေးနိုင်သလို ၊ ပိုသိထားတာတွေရှိရင်လည်း ဖြည့်တင်းပံ့ပိုးပေးနိုင်ပါတယ်) ။

 မန်းကိုကို
 ၀၉ ၊ ၁၂ ၊ ၂၀၁၃

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

   ကိုယ့်လို လူမသိသူမသိနဲ့ စကားစစ်ထိုးရလောက်အောင်လည်း လောက်လောက်လားလား မရှိသူ
တစ်ဦးကနေ ၊ ဆရာဦးကျော်ဝင်းဆီက အလေးတယူ တုန့်ပြန် ဖြေရှင်းပေးဖို့ရာ မျှော်လင့်ချက်တော့
မရှိလှပါဘူး ။

   ဘယ်လိုပဲဖြစ်စေ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ဆရာဦးကျော်ဝင်းရဲ့ ပရိသတ်တွေကနေ ဖန်တီး
ထားပေးတဲ့ Facebook စာမျက်နှာရဲ့ Admin တို့ကလည်း ၊ အကူအညီတွေ လက်လှမ်းမီသမျှ ပေးခဲ့
ကြတာကို အသိမှတ် ပြုရပါလိမ့်မယ် ။ ဒီအထဲမှာ ဆရာ့ရဲ့ အီးမေးလ်ကိုပါ ပေးပါမယ်လို့ ကမ်းလှမ်း
လာခဲ့ပေမယ့် ၊ သင့်တော်၏မတော်၏ မဝေခွဲနိုင်ပဲ မယူဖြစ်ခဲ့ပါဘူး ။ အခြားတစ်ဖက်မှာလည်း ၊ ဆ
ရာ့နားကို ပေါက်ရောက်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၊ ဒီပို့စ်ကို အဆုံးသတ် ဖြည့်ရေးထားလိုက်ပါ
တယ် ။
.................................................................


   ဆရာခင်ဗျား ကျနော့်ရဲ့သဘောထားကို ဆက်မတင်ပြခင် ၊ ကျနော်တို့ဘားအံမြို့က ဝါရင့်ကျောင်း
ဆရာ တဖြစ်လဲ ကဗျာဆရာ မောင်လူဝိုင်းရဲ့ မှတ်ချက်တိုကို ထည့်ပေးလိုက်ပါတယ် ။ သာမန် ပြည်သူ
တွေထဲကက နိုင်ငံရေး စိတ်ပါဝင်စားသူတစ်ယောက်ရဲ့ အမြင်လို့ ဆိုကြပါစို့ ။
  • Than Aung - တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်အရေအတွက်တွေပါ ပေါင်းပြောတာပါ
     
   ဆရာ့ကို ဒီလို စာနဲ့ ဦးတည်ရေးရခြင်းရည်ရွယ်ချက်က အတန်ကျယ်ပြန့်ပါတယ် ။
   အမှန်တော့ မြန်မာပြည်မှာ လူမျိုးစုလက်နက်ကိုင်ပေါင်း ၁ သိန်းဝန်းကျင်ရှိတယ် ဆိုတဲ့စကားကို ၊ မြင်
တွေ့နေခဲ့ရတာ အနည်းဆုံး ၃ ကြိမ်လောက် ရှိခဲ့ပါပြီ ။ အဖွဲ့အစည်း တာဝန်ရှိသူမျိုးပါသလို ၊ ဆရာ့လို
ဘယ်အဖွဲ့စည်းနဲ့မှ မဆိုင်ဘူးလို့ ယုံကြည်ရသူတွေလည်း ပါပါတယ် ။ ဒီလိုပုဂ္ဂိုလ်တွေထဲ ပြန်ဖြေကြား
ပေးဖို့ အလားလာရှိသူ ၊ မိမိဂုဏ်သိက္ခာ ထိန်းသိမ်းမယ့်သူ ၊ ကျိုးကြောင်းဆင်ခြင်မှုတွေအပေါ် အခြေခံ
ဖြေကြားမယ့်သူအနေနဲ့ ဆရာ့ကို ရွေးဖြစ်ခဲ့ပါတယ် ။

   ခုလို မေးခွန်းထုတ်ရုံနဲ့ အားမရပဲ ၊ ထပ်ဆင့်ထင်မြင်ချက်တွေပါ ထပ်ရေးရတာဟာလည်း ၊ ကျနော့်
ကို ပြန်မဖြေလို့ မဟုတ်ရသလို တိုက်ခိုက်ပုတ်ခတ်ဖို့လည်း မဟုတ်ရပါဘူး ။ ကျယ်ပြန့်တဲ့ သာမန်လူထု
တွေထဲ ၊ အခြေခံကျတဲ့ သတင်းအချက်တွေ မှန်ကန်မှုမရှိတာကြောင့် ၊ အထင်အမြင်လွဲမှုတွေအပေါ်
မှာ ထပ်ဆင့်ယူဆမှုနဲ့ သုံးသပ်မှုတွေ ချွတ်ချော်နိုင်တာမျိုးကို လျော့ကျစေချင်တဲ့ စေတနာနဲ့ ရေးဖြစ်
တာပါ ။

   မြန်မာပြည်ထဲ ပြည်တွင်းစစ်နဲ့ကင်းလွတ်ရာမှနေ ၊ မြန်မာ့အသံလောက်နားထောင်ပြီး ၊ တစ်ဝမ်းတစ်
ခါး လောက်ငနေရင် ကျန်တာတွေ ကိုယ့်နဲ့မဆိုင်လို့ စိတ်ထားတတ်သူတွေအပါဝင် လူအတော်များများ
အတွက်ကတော့ ၊ ဆရာပြောခဲ့တဲ့အချက်ဟာ များစွာသော အချက်လက်မှန်တွေထဲက အစိတ်အပိုင်း
တစ်စသာသာ ယူဆသွားနိုင်ကြပါတယ် ။ အကျိုးယုတ်မယ့်ဖက်ကို ဦးတည်တယ်လို့ ယူဆမိပါတယ် ။

   တစ်ဖက်မှာကလည်း အရှိတရားအနေနဲ့ - အသက်အိုးအိမ်နဲ့ အရာရာကို ဆုံးရှူံးဖို့ရာ လက်တစ်ကမ်း
လောက်မှာသာ ရှိနေတဲ့ ကျေးလက်တောရွာကလူတွေနဲ့ မြို့ပေါ်အခြေစိုက် လူမှုအသိုင်းဝိုင်းတွေရဲ့
ကောင်းကျိုးစီးပွားဟာ ၊ ခွဲခြားလို့မရပဲ ပြည်တွင်းစစ်အပေါ်မှာ အများကြီးအချိုးကျနေပါတယ် ။ အား
လုံးအတွက် ပြေလည်ငြိမ်းချမ်းစေဖို့ရာ့ ခုလို အချက်လက်အမှားတွေနဲ့ လေးပြီးသားတံပိုးကို ကျိုးကျ
သည်အထိ ထပ်ပိုးတင်ပေးဖို့ မသင့်ဘူးဆိုတာကို ထောက်ပြချင်ပါတယ် ။

   အခြေခံကျကျတွေးရင် - လူတွေ သင်္ချာတွက်ချက်ရာမှာ “မူလကိန်း”တွေ စကတည်းက မှန်ကန်မှု
မရှိဘူးဆိုရင် ၊ ဘယ်လောက်ပဲ ပေါင်းနှုတ်မြှောက်စား တင်သာမက စကြာဝဋာဆိုင်ရာ သီအိုရီတွေ
မှာတောင် တစ်ဖက်ကမ်းခတ် တတ်မြောက်နေပါစေ ၊ မှားယွင်းတဲ့ အဖြေတွေနဲ့ပဲ အဆုံးသတ်ရမှာပါ ။

   နိုင်ငံရေးဟာ လူမှုရေးရာရဲ့ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်တာကြောင့် ၊ မှန်ကန်မှုမရှိတဲ့ အချက်
လက်တွေဟာ စိုးရိမ်စိတ်တွေကို တိုးပွားစေပါတယ် ။
   နောက်တစ်ဆင့်အနေနဲ့ လွဲချော်သွေဖည်တဲ့ နားလည်မှု ခံယူချက်နဲ့ ဆုံးဖြတ်ချက်တွေကို ဖြစ်တည်
စေပါတယ် ။ အတိကျ မျှော်လင့်ခန့်မှန်းလို့မရတဲ့ ၊ အင်မတန် အန္တရာယ်ကြီးတဲ့ ဖြစ်စဉ်တစ်ခုကို အစ
ပျိုးပေးစေနိုင်ပါတယ် ။

   အတိအကျပြောရရင် - ဆရာ့ရဲ့ ဘာမှမဖြစ်လောက်ဘူးလို့ ယူဆကောင်းယူဆရမယ့် စကားအချို့
ဟာ ၊ အနည်းဆုံးတော့ ဆယ်စုနှစ်နဲ့ချီခဲ့ပြီဖြစ်တဲ့ -

>>  ပြည်ထောင်စုကြီး ပြိုကွဲမယ်ဆိုတဲ့ စိုးရိမ်မှု ၊
>>  ပြည်မအစိုးရနဲ့ သဘောမတိုက်ဆိုင်လို့ လက်နက်ကိုင်ရသူတွေကို အမြစ်မကျန် သုတ်သင်သတ်
       ဖြတ်ရမယ်ဆိုတဲ့ အမြင်မျိုး ၊
>>  လက်နက်ကိုင်တွေ (အထူးသဖြင့် တိုင်းရင်းသားတွေ) ဟာ အန္တရာယ်ကြီးတဲ့ အစုအဖွဲ့တွေအဖြစ်
       နားလည်သဘောပေါက်နိုင်မှုတွေကို အားပေးတိုးပွားစေနိုင်ပါတယ် ။

   ဒါဟာ ကျနော်တို့ မြန်မာပြည် လူမှုအသိုင်းဝိုင်းအားလုံးရဲ့ အနာဂါတ်ကို အတိုင်းတာတစ်ခုအထိ ဟန့်
တားဖျက်ထုတ်တာနဲ့ ညီမျှတယ်လို့ ယုံကြည်ယူဆတာကြောင့် ၊ ခုလိုစာတစ်စောင်ပေတစ်ဖွဲ့ဖြစ်အောင်
ရေးဖြစ်ခဲ့တယ်လို့ ပြောချင်ရကြောင်းပါ ဆရာ ။

(08.02.2014)

No comments:

Post a Comment