ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, April 5, 2010

Now it's serious NLD - အရေးကြီးနေပါပြီ NLD

မဇ္ဈိမအယ်ဒီတာ့ထံပေးစာ - ၁၆၊ ၀၃၊ ၂၀၁၀

ဖတ်ရသမျှသတင်းတွေကို တွေးတောဆန်းစစ်မိတဲ့အခါမှာ အဘဦးဝင်းတင်
ပြောသလိုပဲ NLD အတွက် ရွေးကောက်ပွဲဝင်ရေးဟာ ဒီလောက်အရေးမကြီးဘူး
လို့ မြင်မိပါတယ်။ ဗိုလ်ချုပ်များက သူတို့နဲ့ ယှဉ်လာမယ့်သူအားလုံးကို မလှုပ်
နိုင်အောင် ချည်တုပ်မိမယ်လို့ ယုံကြည်ထားတဲ့ ဥပဒေတွေထုတ်ပြီးမှ သူ့လူတွေ
ကို ကြိုးဝိုင်းထဲသွင်းပြီး စိမ်ခေါ်ခိုင်းမှာတော့ သေချာနေပါပြီ။

ထင်မြင်ချက်အမျိုးမျိုးနဲ့ ပွက်ပွက်ညံနေပြီး လက်သီးလက်မောင်းတန်းပြီး ဆန့်ကျင်
နေကြမယ့်သူတွေနဲ့ အပြေးအလွှား အခွင့်အရေးလေး ရတုန်းယူထားမှဆိုသူ
တွေလည်းရှိပါလိမ့်မယ်။ ဒီအချိန်ဟာ ခံစားမှုတွေကို ဘေးဖယ်ပြီး ဦးနှောက်သုံး
စီစဉ်မှုတွေကို ရှေ့တန်းတင်ရမယ်လို့ နားလည်မိပါတယ်။ 

NLD အတွက် တွေဝေမိန်းမောပြီး စောင့်ကြည့်နေရမယ့်အချိန်၊ ဝေဖန်ရေးနဲ့
လေကန်ရေးတွေ လုပ်နေရမယ့်အချိန် မဟုတ်တော့ပါဘူး။ “လှုပ်ရှားရေးကာလ”
(action time) ရောက်နေပါပြီ။ စပေ့စ် (space) လိုချင်တယ် ဆိုသူတွေအတွက်
ဒါဟာ စပေ့စ် ပါပဲ။

လိုရင်းပြောရရင်တော့ “မဲဆန္ဒရှင်တွေနဲ့ ထိတွေ့ရေး၊ နိုင်ငံရေးဗဟုသုတ ဖြန့်ချီ
ရေး” တွေဇောက်ချပြီး လုပ်ရမယ့်အချိန်လို့ ယုံကြည်မိပါတယ်။

ဥပမာအားဖြင့် - ဒီမိုကရေစီနဲ့ သူ့ရဲ့အနှစ်သာရက ဘာလဲ၊
မဲဆန္ဒရှင်ပြည်သူ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေက ဘာလဲ၊
ဥပဒေနဲ့ တရားမျှတမှုဆိုတာ ဘာလဲ၊ တရားဝင်မှုဆိုတာ ဘာလဲ၊
စနစ်၊ ဝါဒ၊ အတွေးအခေါ် ဆိုတာတွေဟာ ဘာတွေလဲ၊ ဘယ်နှမျိုး ရှိသလဲ၊
ဒါတွေကိုသုံးပြီး လက်ရှိအနေအထားကို ဘယ်လိုမြင်မလဲ၊
ရွေးစရာလမ်းရော ဘာတွေရှိသလဲ၊

ဒါတွေကို အခြေခံပြီး နိုင်ငံရေး၊ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ ကမ္ဘာမှာ
ဘာတွေဖြစ်ခဲ့၊ ဖြစ်နေ၊ လက်ခံထားကြသလဲ ဆိုတာတွေကို NLD ကနေ ကမ
ကထလုပ်ပြီး ဆွေးနွေးလှုံ့ဆော် ပညာပေးအစီအစဉ်တွေလုပ်၊ ပြည်သူတွေနဲ့
ထိတွေ့မှုတွေကို အားကြိုးမာန်တက် ရသမျှအချိန်လေးမှာ ကြိုးစားလုပ်ဆောင်ပြီး
ပြည်သူတွေနဲ့ တစ်သားထဲကျအောင်လုပ်ဖို့စေတနာနဲ့ သတိပေးပါရစေ။
(မြန်မာပြည်သူ၊ ပြည်သားတွေ မသိကြဘူးဆိုပြီး နှိမ်ချင်တာမျိုးမဟုတ်ရပါ၊
တကယ့်ကို အားနည်းနေတယ်ဆိုတာ မြင်မိလို့ပါ။)

ပြည်သူတွေ အလိမ်မခံရဖို့ ပထမ အရေးကြီးပါတယ်။ အလိမ်မခံရမှ နောက်
တဆင့်တက်နိုင်မယ်။ အခြေခံအားဖြင့် NLD မှာ (ပြည်သူတွေရဲ့) အင်အား
ရှိပါတယ်။ ပြည်သူ (အင်အား) ဟာ သူတို့ကို မှီပြီးတည်ထောင်ထားတဲ့ နိုင်ငံရဲ့
စည်းမျဉ်းအားလုံးကို အစိုးရပါတယ်၊ ရရပါမယ်။

အမှန်အတိုင်းပြောရင် အခုရွေးကောက်ပွဲဟာ တိုင်းရင်းသားတွေအတွက် ဘာမှ
အဓိပ္ပါယ် မရှိသလောက်ပါပဲ။ ဒါပေမယ့် NLD အတွက်ကတော့ ရခဲတဲ့ အခွင့်
အရေးမို့ သတိပေးလိုက်ရတာပါ။

ဒီအသက်ရှူပေါက်ရတဲ့အချိန်လေးဟာလည်း အင်မတန်တိုတောင်းနိုင်သလို
မဇ္ဈိမအမေးအဖြေကဏ္ဍမှာပါတဲ့အတိုင်း ထောင်ချောက်လည်း ဖြစ်တော့ဖြစ်နိုင်
ပေမယ့် လက်လွှတ်လိုက်မိရင် ရှေ့ကကြိုးစားခဲ့သမျှတွေ အလဟဿဖြစ်ပြီး
နောက်မျိုးဆက်တစ်ခုကို တာဝန်တွေ လက်ဆင့်ထပ်ကမ်းလိုက်ရတာမျိုး ဖြစ်
သွားနိုင်တာကိုလည်း မမေ့လိုက်ကြပါနဲ့။

(စာကြွင်း - ဖြစ်နိုင်ရင် မဇ္ဈိမမှာ ရေးနေကျဆောင်းပါးရှင်များထံကနေ လက်ရှိ
အနေအထားကို သုံးသပ်တင်ပြတဲ့ ဆောင်းပါးတွေ တင်ပေးဖို့လည်း တောင်းဆို
လိုက် ပါရစေ။)

မန်းကိုကို (၁၅၊ ၀၃၊ ၂၀၁၀)

(ဒီစာကို ဧရာဝတီသတင်းကဏ္ဍမှာ “ပိတ်ဆို့နေဆဲ NLD တံခါးများ” ခေါင်းစဉ်အောက်မှာ အားလုံး
နီးပါးဆင်ဆာဖြတ်ခံရပြီး စာလုံးအရောင်(အစိမ်း) ပြောင်းထားတဲ့ စာပိုဒ်ကလေးပဲ မှတ်ချက်
နေရာမှာ ဖေါ်ပြခံခဲ့ရပါတယ်။ ခုတော့အယ်ဒီတာ ကိုအောင်ဇော်ရဲ့ NLD ရဲ့ ရွေးကောက်ပွဲမဝင်
တာကို ဆန့်ကျင်တဲ့သဘောထားပေါ်လာမှပဲ အဖြေရှင်းသွားပါတော့တယ်။)

No comments:

Post a Comment