ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, April 8, 2015

ပြည့်လည်ရွဲကို လွှဲမျက်နှာ လှည့်မည်လား (ဒု-လွှာ)





   “သူတို့ကို အသက်မွေးတာနဲ့ပတ်သက်ပြီး အထင်တော့ သွားမသေးလိုက်နဲ့ဗျ ။
   ဖုန်းတစ်လုံးနဲ့ မာစီဒီးကားနောက်ခန်းမှာထိုင်ပြီး ဖေါက်သည်တွေခေါ်တဲ့ ဟော်တယ်တွေကို အော်ဒါ
လိုက်ကြတာ ။ ဒါတင်မကသေးဘူး ၊ ကျနော်တို့ကသာ ဂျပန် သြစတြေးလျလို နိုင်ငံကြီးတွေကို သွားဖို့
ခက်ခဲနေကြတာ ၊ သူတို့ကတော့ ကွန်ယက်ကောင်းကောင်းနဲ့ အဲသည်နိုင်ငံတွေကို ရောက်ဖူးခဲ့ကြသူ
တွေက အများကြီးဗျ” ။

   သည်လို ကြားသိခဲ့ရစဉ်အခါတုန်းက လက်ကိုင်ဖုန်းတွေ ပေါ်ကာစမို့ ၊ hand-set တွေ ဈေးကြီးလွန်း
တာကြောင့် သာမန်အလုပ်သမားတွေ လိုက်မမီလောက်အောင် ရှိစဉ်ကာလဖြစ်ပါတယ် ။ လောင်းကစား
ဖက်တဲ့ ပြည့်တန်ဆာခေါင်းတစ်ဦးနဲ့ အနီးကပ်နေခွင့်ကြုံခဲ့ရသူ ၊ ကူညီတတ်တဲ့ မိတ်ဆွေတစ်ယောက်ရဲ့
ဖေါက်သည်ချချက်လေးပါ ။

   ဒါဟာ ၊ ပြည့်တန်ဆာလုပ်ငန်း ထွန်းကားရာလို့ နာမည်ကြီးတဲ့နိုင်ငံတစ်ခုမှာ ဖြစ်နေခဲ့တာမဟုတ်ပါ ။
   ဘာသာရေးနဲ့ လူမျိုးရဲ့သဘာဝအရ အတန်သင့် ရှေးရိုးစွဲတဲ့ လူ့အဖွဲ့စည်းလို့ ထင်စရာရှိတဲ့ မလေး
ရှားနိုင်ငံမှာ ဖြစ်ပါတယ် ။ လက်လှမ်းမီသမျှ ဆက်ပြီး လှန်လှောကြည့်ကြရအောင်ပါ ။

ကွင်းဆက် -၂- (Malaysia – Chow Kit)

   အသားညိုပြီး အစ္စလာမ်ဘာသာ အဓိကကိုးကွယ်တဲ့ မလေးရှားနိုင်ငံမှာ လိင်ဝန်ဆောင်မှုလုပ်ငန်း
ရှိလို့ အချို့လည်း အံ့သြနိုင်ပါတယ် ။

   အခြေခံအားဖြင့် ဒီနိုင်ငံမှာ မြန်မာပြည်ကလူတွေသိကြတဲ့ ရှာရီယာဥပဒေ (Sharia Law) ကျင့်သုံးပါ
တယ် ။ ထူးခြားချက်က ဒီဥပဒေဟာ မွတ်ဆလင်တွေအပေါ်ပဲ သက်ရောက်မှုရှိပြီး ၊ တင်းကြပ်မှုလည်း
မရှိလှဘူးလို့ ဆိုနိုင်ပါတယ် ။ ဒါကြောင့်လည်း မလေးရှားနိုင်ငံသားတွေဟာ သူတို့ရဲ့ သင့်တင့်မျှတတဲ့
ကျင့်သုံးမှုတွေကြောင့် ၊ မွတ်ဆလင်နိုင်ငံတွေထဲမှာ ရှေ့တန်းရောက်နေတယ်လို့ ဂုဏ်ယူကြပါတယ် ။

   သို့သော် မြို့ပြဥပဒေမှာတော့ ၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် သေဒဏ်အထိပေးလို့ရတဲ့ ဥပဒေကို
ပြဌာန်းထားတာရှိပါတယ် ။ ဒါပေမယ့် ဒီလိုဥပဒေကြောင့် မူးယစ်ဆေးဝါးသုံးသူ ပပျောက်မသွားပဲ ၊
လမ်းဘေးမှာ ဆေးရှိန်တက်နေသူမျိုးတွေလည်း မရှားလှပါ ။ ဒါတင်မက ပြည့်တန်ဆာလုပ်ငန်းကို
လည်း ဗြောင်ကျကျနီးပါး လုပ်ကိုင်နေခဲ့တဲ့နေရာကတော့ ၊ ရောက်ဖူးသူ မြန်မာပြည်သား အတော်
များများလည်းသိတဲ့ နာမည်ကျော် ချောင်ကစ် (Chow Kit) လို့ခေါ်တဲ့ မြို့လည်က ရပ်ကွက်တစ်ခု
ပါပဲ ။

   ဥပဒေနဲ့ ယဉ်ကျေးမှုတင်းကြပ်တဲ့နိုင်ငံမို့ မဖမ်းဖူးလား ၊ ဘာမှမလုပ်ဘူးလားလို့ မေးစရာရှိပါတယ် ။
   အဖြေက အခြေနေအမျိုးမျိုးအပေါ် မူတည်ပါတယ် ။ သည်နေရာမှာ ရဲတွေဟာ ၄ ယောက်တွဲ ၆
ယောက်တွဲစသည်ဖြင့် ကင်းလှည့်နေကြတာပါ ။ ဆေးသမားတွေကို မတွေ့ပဲမနေပါဘူး ။ လိင်ရောင်း
ဝယ်တဲ့ အဆောက်အဦတွေဟာလည်း တိုးလျိုးပေါက် လမ်းလျှောက်လို့ရတဲ့ နေရာတွေပါ ။ ပြည့်တန်
ဆာ“ခေါင်း”တွေဟာ ‘ဟ’ထားတဲ့ အခန်းပေါက်ဝတွေမှာထိုင်ပြီး ဈေးခေါ်နေကြတာပါ ။ တစ်နေကုန်
ကင်းလှည့်နေတဲ့ အာဏာပိုင်အဖွဲ့စည်းတွေက မသိပါဘူးဆိုရင် ၊ အကြီးကျယ်လိမ်တာပဲ ဖြစ်ပါလိမ့်
မယ် ။ ဒါပေမယ့် သာမန်မလေးလူမျိုး အမျိုးသမီးတစ်ယောက်ကို ဟော်တယ်အခန်းတစ်ခုဆီ ခေါ်
သွားရင်တော့ ပြဿနာတက်နိုင်သလို ၊ မွတ်ဆလင်ဥပုပ်လအတွင်း အစာရှောင်ရတဲ့ နေ့လည်နေ့ခင်း
မှာ စားသောက်မိတဲ့အခါမျိုးမှာလည်း မွတ်ဆလင်ဘာသာဝင်ဟုတ်မဟုတ် အစူးစမ်းခံရနိုင်ပါတယ် ။


   မလေးရှားရဲ့ ‘ချောင်ကစ်ဆိုတာဟာ ဘန်ကောက်ရဲ့ ခြိမ့်ခြိမ့်သဲ ‘ပက်ပုန်း’ နဲ့တော့ နှိုင်းယှဉ်လို့
မရနိုင်ပါဘူး ။ ဆွဲဆောင်မှုမရှိလှတဲ့ လိင်လုပ်သား အသင့်တင့်လောက်နဲ့ လည်ပတ်နေကြတဲ့နေရာပါ ။
ဒါ့ပြင် ခုနေခါမှာ အခြားနေရာတွေကို ပြန့်ကျဲသွားပြီလို့ ဆိုနိုင်ပေမယ့် ၊ တစ်ချိန်ကတော့ Lorong Haji
Taid ဆိုတဲ့ လမ်းသွယ်လေးမှာ ဈေးဝယ်သူတွေ ၊ လိင်မှုဖေါက်သည်တွေ ၊ မျက်စိအစာ လာကျွေးသူနဲ့
ကားနဲ့ဖြတ်လာပြီး ပွဲဈေးလှည့်သလို ကြည့်ကြသူတွေက စည်ကားနေခဲ့ပါတယ် ။

   ပိုထူးတာက ၊ အဲသည်လမ်းဟာ ဂေး လိင်လုပ်သားတွေရဲ့ စားကျက်နေရာလည်း ဖြစ်နေလို့ပါပဲ ။
သူတို့တွေထဲမှာ မလေးလူမျိုး အများစုဖြစ်ပြီး တရုတ်နဲ့ တမီလ်ကုလားတွေလည်း အနည်းကျဉ်း ရှိပါ
တယ် ။ မိန်းမလိင်လုပ်သားတွေကတော့ အခန်းကိုယ်စီနဲ့ ဝန်ဆောင်ကြတာ များပြီး ၊ လုပ်ကိုင်သူ
တွေထဲမှာ ဒေသခံတွေအပြင် ထိုင်းက တင်သွင်းလာသူတွေလည်း အတော်များလာသလို ၊ နောက်
ပိုင်းမှာ မြန်မာပြည်ကအချို့လည်း ပါလာကြပါတယ် ။ အခါအားလျော်စွာ လိင်ဖျော်ဖြေမှုပေးတဲ့ အ
ဆောက်အဦတွေကို ရဲဝင်စီးတဲ့သတင်းများလည်း သတင်းစာမှာ တွေ့ကြရတတ်ပါတယ် ။ ကံ
မကောင်း အကြောင်းမလှတဲ့ ဖေါက်သည်အချို့ကတော့ ၊ အရှက်လုံရုံဖုံးထားပေးတဲ့ ဝတ်လစ်စလစ်
ပုံတွေနဲ့ သတင်းစာရဲ့ ရှေ့ဆုံးစာမျက်နှာမှာ ပါလာတတ်ပါတယ် ။

   ဘယ်သို့ဘယ်ပုံဆိုစေ ၊ ဘာသာရေး ယဉ်ကျေးမှုနဲ့ လူမှုရေးအရ ဖုံးဖိနှိပ်ကွပ်ထားပေမယ့် ၊ ပကတိ
အခြေနေကို လက်ခံပြီး အကောင်းဆုံးအနေထားဆီ ဦးတည်လုပ်ကိုင်ဖို့ ကြိုးပမ်းမှုတွေလည်း ရှိပါ
တယ် ။ သတိပြုစရာက ၊ မလေးရှားဟာ နိုင်ငံတကာတက္ကသိုလ်ကျောင်းခွဲတွေ အများကြီး လာရောက်
ဖွင့်လှစ်ထားပြီး ၊ နိုင်ငံရပ်ခြားဆီ ပညာသွားသင်ကြသူ အရေအတွက်ဟာလည်း ၂၀၁၂ မှာတင်
၅၅၅၇၉ ဦး (UNESCO စာရင်းအရ) ရှိခဲ့တဲ့ ဖွဲ့ဖြိုးနေဆဲ နိုင်ငံတစ်နိုင်ငံဆိုတာပါပဲ ။

   ၂၀၀၂ မှာ ကွာလာလမ်ပူမြို့တော်ဝန် Mohmad Shaid Mohd Taufek ကနေ မိန့်ခွန်းတစ်ခုမှာ
ထည့်သွင်းပြောခဲ့တဲ့အထဲက မှတ်သားစရာလေးကတော့ - “ဒီလူတွေဟာ ကျနော်တို့ လူမှုအသိုင်းဝိုင်း
ရဲ့ ၊ လွဲမှားနားလည်မှုနဲ့ တလွဲတချော် ဆက်ဆံအခံရဆုံး လူတွေဖြစ်ပြီး ၊ သူတို့ကို ကိုယ်ချင်းစာရပါ
မယ် ။ လူမှုအသိုင်းဝိုင်းကြီးကနေ သူတို့ကို နှိမ့်ချပြီး ကြည့်မြင်မှုဟာ ပြင်းထန်လွန်းတဲ့အတွက် ၊ သူတို့
ဆီမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ အခွင့်အလမ်းတွေမရှိ ဖြစ်ရာက ၊ တစ်ခါတစ်ရံမှာ ဆန့်ကျင်ဖက်
လုပ်ဆောင်ချက်တွေကို ရွေးချယ်မိတတ်ကြပါတယ် ။ တကယ်တန်းမှာတော့ သူတို့တွေဟာ ၊ စွမ်းရည်
ဥာဏ်နဲ့ အစွမ်းအစ ရှိသူတွေပါ” တဲ့ ။

   တစ်ဆက်ထဲမှာပဲ ၊ အဲဒီလူတွေအတွက် အသက်မွေးပညာသင်ကျောင်း ဖွင့်ပေးဖို့ပါ ချိန်ဆစဉ်းစား
နေကြောင်း ပြောခဲ့ပါတယ် ။ လိင်ဝန်ဆောင်မှု လုပ်ငန်းအပေါ်ထားကြတဲ့ အာရှသားအချို့ရဲ့ အမြင်
တွေဟာ အံ့သြစရာကောင်းလောက်အောင် ပွင့်လင်းမြင့်မားကြတာ တွေ့ရပါတယ် ။


ကွင်းဆက် -၃- (Singapore)

   နောက်ဆုံးတစ်နိုင်ငံက စင်္ကာပူပါ ။
   စင်္ကာပူရဲ့ စီးပွားရေးအဆောက်ဦဟာ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အမြဲတမ်း လွှမ်းမိုးထားနေခဲ့ပါတယ် ။
   အဲဒီ ဝန်ဆောင်မှု လုပ်ငန်းတွေထဲမှာ ၊ အဆက်မပြတ် ကမ်းလှမ်းမှု ပေးနေနိုင်ခဲ့တာကတော့ ပြည့်တန်
ဆာလုပ်ငန်းပဲ ဖြစ်ပါတယ် ။

   ရွှေ့ပြောင်းနေထိုင်သူတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ စင်္ကာပူဟာ ၊ ၁၉ ရာစုနှစ်တွေအတွင်းမှာ ယော
က်ျားကျွန်းလို့ ခေါ်ရလောက်အောင်ပဲ ယောက်ျားအချိုးစားက များနေခဲ့တာပါ ။ ဒီအထဲမှာ မယားရှိပြီး
သူတွေဟာ အများစုဖြစ်ပေမယ့် ၊ အဲဒီမယားတွေကတော့ ရပ်ဝေးမှာ ကျန်နေခဲ့ကြတာပါ ။ ဒီလိုနဲ့ ၁၉
ရာစုနှောင်းပိုင်းမှာ တရုတ်ပြည်က ရောက်လာတဲ့ မိန်းမတွေအနက် ၅ ယောက်မှာ ၄ ယောက်လောက်
ဟာ ၊ ပြည့်တန်ဆာရုံမှာ အလုပ်ရကြပါတော့တယ် ။

   ဒီမယ် ထူးခြားတာတစ်ခုက ဂျပန်ဟာ အာရှက အမျိုးသမီးတွေကို သူတို့စစ်သားတွေအတွက် ဖျော်
ဖြေဖို့ အများကြီး အသုံးပြုခဲ့တာ လူသိများပေမယ့် ၊ ဒုတိယကမ္ဘာစစ်မတိုင်မီ ဆယ်စုနှစ်ပိုင်းတွေမှာ
ဂျပန်ဟာ အရှေ့တောင်အာရှကို ပြည့်တန်ဆာတွေ ဖြည့်ဆည်းပေးနေခဲ့တဲ့ နိုင်ငံဖြစ်တယ်ဆိုတာပါပဲ ။
မလေးရှားက ပီနန်းကျွန်းမှာ Jeep Pun Kay (Street of the Japanese) ၊ စင်္ကာပူမှာတော့ ကနေ့
တရုတ်တန်းက Banda street နဲ့ Spring Street တို့ကို ဒေသခံတွေက Japan Street လို့ အဓိပ္ပါယ်
ရတဲ့ Phan Tsai Mei (The lane of Foreign Prostitute) လို့ ခေါ်ခဲ့ရလောက်အောင်ကို ဂျပန်ပြည့်
တန်ဆာတွေ အများပြားရှိခဲ့ဖူးပါတယ် ။

   စင်္ကာပူကို လွတ်လပ်တဲ့ဆိပ်ကမ်းနဲ့ ကုန်သွယ်ရာနေရာတစ်ခုဖြစ်အောင် အုတ်မြစ်ချပေးခဲ့သူဟာ
Stanford Raffles ဖြစ်ပါတယ် ။ သူဟာ ကုန်သွယ်မှုနဲ့ တွဲပါလာတဲ့ လိင်ဝန်ဆောင်မှုကိစ္စကို စိတ်
အနှောင့်ယှက် မဖြစ်ပါဘူး ။ ဒါပေမယ့် သူ့ရဲ့ အဓိက စိုးရိမ်ပူပန်မှုက ၊ အဲဒီဝန်ဆောင်မှုတွေမှာ ဘယ်
သူ အကျိုးမြတ်ရသလဲ ဆိုတာပါ ။ သူပြောခဲ့တဲ့စကားက - “ကံမကောင်း အကြောင်းမလှတဲ့ ပြည့်
တန်ဆာကို စာနာယိုင်းပင်းမှုနဲ့ ဆက်ဆံသင့်တယ် ။ ဒါပေမယ့် လိင်ဝန်ဆောင်မှုအတွက် သူမသာလျှင်
အမြတ်စွန်းရသင့်ပြီး ၊ သူ့ကို အရင်းတည်ပြီး အမြတ်အစွန်းရယူဖို့လုပ်တဲ့ ဘယ်သူမဆိုရဲ့ လမ်းကြောင်း
ပေါ်မှာ ၊ အခက်အခဲအတားဆီးတွေ အပြည့်အဝ ဖန်တီးပေးသင့်တယ်” လို့ ဆိုပါတယ် ။ ကနေ့ခေတ်
လူအတော်များများတောင် လိုက်လို့မမှီနိုင်သေးတဲ့ ၊ ၁၉ ရာစု ကိုလိုနီအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူ
တစ်ဦးရဲ့ မှတ်သားလောက်တဲ့ စကားပါပဲ ။


   ဒီကနေ့စင်္ကာပူကော ဘယ်လိုလဲ ။
   မတိမ်းမယိမ်းပါပဲ ။ ပြည့်တန်ဆာလုပ်ငန်းလုပ်ဖို့ ခွင့်ပြုချက်တွေ ပေးပါတယ် ။ ဒါပေမယ့် ၊ ပြည့်တန်
ဆာခေါင်းလုပ်တာ ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်တာနဲ့ လမ်းပေါ်မှာ လူခေါ်တာတွေကိုတော့ ခွင့်မပြု
ပါဘူး ။ ချိုးဖေါက်ရင် ထောင်ဒဏ်နှစ်ရှည် ကျခံရနိုင်ပါတယ် ။ မှတ်ပုံတင်ထားတဲ့ ပြည့်တန်ဆာတွေ
ကတော့ လိုင်စင်ရ ပြည့်တန်ဆာရုံတွေမှာ လုပ်ကိုင်ခွင့်ရပါတယ် ။ စင်္ကာပူမှာ designated red-light
areas (DRAs) တွေ ရှိပါတယ် ။ ပြည့်တန်ဆာတွေဟာ နှစ်ပတ်တစ်ခါဆေးစစ်ရပြီး ၊ ဓါတ်ပုံနဲ့ လက်
ဗွေပါတဲ့ သတ်မှတ် မှတ်ပုံတင်ကို သယ်ဆောင်သွားလာရပါတယ် ။

   ခန့်မှန်းခြေ ၄၀၀ လောက်ရှိတဲ့ ပြည့်တန်ဆာရုံတွေမှာ ၊ ပြည့်တန်ဆာပေါင်း ၆၀၀၀ လောက်ရှိတယ်
လို့ ဆိုပါတယ် ။ ဒါတင် မကပါဘူး ၊ escort service နဲ့ private call girls ဝန်ဆောင်မှုတွေကိုလည်း
ခွင့်ပြုထားပါတယ် ။

   ပြည့်တန်ဆာရုံတွေမှာ တရုတ် ၊ မလေး (ဆာရာဝပ် နဲ့ ဆားဘား) ၊ ထိုင်း ၊ လာအိုနဲ့ ဖိလစ်ပိုင်တွေက
အဓိက နေရာယူထားပါတယ် ။ ကွန်ဒွန်သုံးဖို့ အကြံပြုချက်တွေကို အင်္ဂလိပ် ၊ တရုတ် ၊ မလေးနဲ့ တမီလ်
ဘာသာစကားတွေနဲ့ ပုံနှိပ်ပြီး ကပ်ထားလေ့ရှိပါတယ် ။ ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေကိုလည်း ၊
အခါအားလျှော်စွာထုတ်ပြန်ပြီး ကပ်ထားပေးလေ့ရှိပါတယ် ။ လစ်ဟာနေတာက ၊ အဲသည် စာတန်းတွေ
အားလုံးမှာ အစိုးရတံဆိပ်တွေ မပါရှိတာလေးပါပဲ ။

   ဒီလိုရုံတွေဟာ အပြင်မှာ နာမည်ချိတ်ဆွဲထားတာမျိုးကို အင်မတန် လုပ်ခဲကြပါတယ် ။ ဘာအမှတ်
သားဆိုင်းပုဒ်မှမရှိပဲ ၊ အဆောက်ဦမျက်နှာစာမှာ ပုံမှန်ထက်ကြီးတဲ့ အိမ်နံပါတ်ကိုသာ မြင်သာအောင်
ပြထားတတ်ကြပါတယ် ။ အနည်းငယ်သော ရုံတွေရှေ့မှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွယ်နေသူမျိုး
တွေ ထားတတ်ပေမယ့် ၊ အများစုကတော့ လုပ်လေ့မရှိကြပါဘူး ။

   စင်္ကာပူအစိုးရရရဲ့ မူဝါဒကို - မင်းတို့လုပ်ငန်းတွေ လူအများသတိပြုမိအောင် ခေါင်းထောင်ထပြီး မဆွဲ
ဆောင်သမျှ ၊ ငါတို့ ဘာပြဿနာမှ မလုပ်ဘူး - လို့ ဆိုနိုင်ပါလိမ့်မယ် ။


နိဂုံး

   ခုတင်ပြခဲ့တဲ့နိုင်ငံတွေအလိုက် သင်္ခန်းစာယူစရာတွေ အနည်းနဲ့အများ တွေ့ရမှာဖြစ်ပါတယ် ။

   အတိုချုပ်အားဖြင့် -
(က) လိင်ဝန်ဆောင်မှုလုပ်ငန်းဟာ ဘယ်လူမှုအသိုင်းဝိုင်းထဲမှာမှ ပျောက်ပျက်အောင် လုပ်ဖို့မဖြစ်နိုင်တဲ့
အပြင် ၊ ရာဇဝတ်မှုနဲ့ အခြား လူမှုရေးဆိုင်ရာ ပြဿနာအမျိုးမျိုးနဲ့လည်း ယှက်နွယ်နေတတ်တဲ့ သဘာဝ
ရှိပါတယ် ။
(ခ) ကျနော်တို့အားလုံးပါတဲ့ လူမှုအသိုင်းဝိုင်းကြီးတစ်ခုလုံးသာမက ၊ အဲဒီရဲ့ အစိတ်ပိုင်းတစ်ရပ်အဖြစ်
ပါဝင်နေတဲ့ လိင်ဝန်ဆောင်မှုနဲ့ ဆက်နွယ်နေတဲ့ကဏ္ဍတွေပါ လုံခြုံအေးချမ်းပြီး သဟဇာတ အနေထား
မျိုးရရှိဖို့ ၊ မျှတတဲ့လုပ်ဆောင်စရာတွေ လိုအပ်နေပါတယ် ။
(ဂ) အရေးကြီးဆုံး ကိစ္စတစ်ရပ်က ကျန်းမာရေးပါ ။
   လူမှုအဆောက်ဦကြီးတစ်ခုလုံး ရောဂါဘယအနည်းဆုံးဖြစ်ဖို့ရာ ၊ ကာကွယ်လို့ရတာ ကန့်သတ်လို့
ရတာ တားဆီးလို့ရတာနဲ့ ကူညီလို့ရတာတွေကို မလစ်လျူတဲ့နည်းလမ်းတွေ ရှာကြံနိုင်ဖို့ လိုအပ်ပါတယ် ။
(ဃ) နောက်ဆုံးတစ်ခုကတော့ - ဒီကဏ္ဍမှာ စီးပွားရေးနနဲ့ လူ့အရင်းမြစ်ဆုံးရှူံးနေရတာမျိုးတွေ ဖြစ်မနေ
စေဖို့အတွက် ၊ အခြား တစ်နည်းတစ်လမ်းအားဖြင့် လှည့်ပတ်အသုံးချနိုင်ဖို့ (သို့မဟုတ်) အစားထိုးဖြည့်
ဆည်းဖို့တွေလည်း လိုအပ်နေတာ အမှန်ပါပဲ ။

   ဒီနေရာမှာ အနည်းဆုံး အကောင်ထည်ဖေါ်လို့ရတာတွေက -
(i) တရားမျှတတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ လိုက်လျောညီထွေ အကောင်ထည်ဖေါ်မယ့် လုပ်သားတွေ ၊
(ii) အမြင်ကျယ်တဲ့ လူမှုအတွေးခေါ်တွေ ၊
(iii) ၂၁ ရာစုကို ရောင်ပြန်ဟပ်တဲ့ ပညာရေးတွေကို မွေးမြူ ဖေါ်ထုတ် ပျိုးထောင်ပြီး အသုံးချဖို့တွေပဲ
ဆိုတာ တင်ပြလိုက်ရပါတယ် ။


Bibliography
Backman, A 2005, Inside Knowledge: Streetwise in Asia, Palgrave MacMillan ltd., Basingstoke.


ပြည့်လည်ရွဲကို လွှဲမျက်နှာ လှည့်မည်လား (ပ-လွှာ)

No comments:

Post a Comment